ဒီဇင်ဘာလ ၁ ရက်နေ့ အင်္ဂါနေ့ ညနေမှာ သမီးလေးကို ဖွားမြင်ပြီးနောက် Facebook တည်ထောင်သူ Mark Zuckerberg ဟာ
သူပိုင်ဆိုင်တဲ့ Facebook က သူပိုင်တဲ့ ရှယ်ယာရဲ့ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းမည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ ပါတယ်။
သူ့ဇနီးသည်ဟာ သမီးလေးကို ကိုယ်ဝန်ဆောင်ထားစဉ် ကျန်းမာရေး အခက်အခဲ အချို့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ယခုလို ကျန်းကျန်းမာမာ မွေးဖွားလာတာကို မြင်တွေ့ ခံစားရတော့ သူတို့ ဇနီးမောင်နှံ အနေနဲ့ ကြီးမားတဲ့ လုပ်ဆောင်ချက် တစ်ခုကို ပြန်လည် အသိမှတ်ပြုပေးခြင်းမျိုးလည်း ဖြစ်ပါတယ်။
Mark အနေနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အပြည့်ဝ လှူဒါန်းဖို့ အရင်ကတည်းက အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။ ယခု လောလောဆယ်တော့ သူ Facebook မှာ ပိုင်ဆိုင်တဲ့ သူ့ရဲ့ ရှယ်ယာ ပမာဏရဲ့ တန်ဖိုးဟာ ဘီလျံ ၅၀ အောက်မှာ ရှိပြီး ၄၅ ဘီလျံ တန်ဖိုးကို လှူဒါန်းခြင်း ဖြစ်ပါတယ်။ ယင်းဟာ ၉၉ ရာခိုင်နှုန်းသော သူပိုင်ဆိုင်တဲ့ ရှယ်ယာအစု ထဲက တန်ဖိုး ဖြစ်ပါတယ်။ ရှယ်ယာရဲ့ သဘောတရားကတော့ အတက်အကျရှိပြီး လက်ရှိဟာ ၄၅ ဘီလျံ တန်ပေမယ့် အနာဂတ်မှာ Facebook ရှယ်ယာဟာ ပိုတိုးဖို့ပဲ ရှိတာကြောင့် အဆုံးမသတ်နိုင်တဲ့ ကြီးမားတဲ့ အလှူကြီးကို ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။
သူ့အနေနဲ့ သမီးလေးနဲ့ ဇနီးကို ပြုစုရန် အတွက်လည်း Facebook ကနေ ခွင့် ၂ လ ယူထားမှာ ဖြစ်ပါတယ်။ ခွင့်ကာလပြီးရင်တော့ Facebook မှာ ဆုံးဖြတ်ချက် ချရတဲ့ အကြီးတန်း ရာထူး ကိစ္စများကို သူပြန်လည် ဦးစီး လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ဇူကာဘတ် အနေနဲ့ ယခင်ကလည်း အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ လှူဒါန်းမှုများကို နှစ်စဉ် ပြုလုပ်ပါတယ်။ ယခု အလှူကတော့ အကြီးမားဆုံး ဖြစ်ပြီး ကလေးငယ်နဲ့ ဆင်းရဲနွမ်းပါးသူများကို ကူညီတဲ့ ဖောင်ဒေးရှင်းများသို့ အဓိကထား လှူမှာ ဖြစ်ပါတယ်။
ဘီလ်ဂိတ် အနေနဲ့ HIV ရောဂါပိုး ရှာဖွေတဲ့ ဖောင်ဒေးရှင်း ကို လှူသလိုပဲ ဇူကာဘတ် အနေနဲ့လည်း ကုသရ ခက်ခဲတဲ့ ရောဂါ အတွက် ဆေးဝါး ရှာဖွေတဲ့ ဖောင်ဒေးရှင်းများလည်း လှူဒါန်းဖွယ် ရှိပါတယ်။ လူငယ် အရွယ်သာ ရှိသေးတဲ့ ဇူကာဘတ်ရဲ့ လှူဒါန်းတဲ့ လုပ်ဆောင်ချက်ကြောင့် ကမ္ဘာတစ်ဝန်းက န်ိုင်ငံ ခေါင်းဆောင်များ၊ အနုပညာရှင်များ၊ နည်းပညာရှင်များက ဝိုင်းဝန်း ချီးကျူးခဲ့ကြပါတယ်။