ဂစ်​တာ​လောက​မှာ “Hendrix Cord” ဆို​ပြီး အမည်တွင်​လောက်​အောင် Clustar Tone နှစ်​သံ​ပါ Cord တွေ​ကို မြိန်​ရေ​ယှက်​ရေ​ကြီး သုံးစွဲ​ခဲ့​သူ၊ Wes Montgomery နဲ့ Curtic Mayfield တို့​လို ဂစ်​တာ​ဘိုးအေ​တွေ​ကို အားကျ​ခဲ့​သ​လောက် လက်​ရှိ ဂစ်​တာ​အကျော်​အမော်​တွေ​ဖြစ်​တဲ့ Joe Satriani, Steve Vai, Eric Johnson, Yngwie Malsteen, Adrian Belew, Mechal Hedges အပါအဝင် ဂစ်​တာ​သမား​အများ​အပြား​တို့​အပေါ် ဩဇာ​လွှမ်းမိုး​ခဲ့​တဲ့ ပုဂ္ဂိုလ်၊ သူ​ဖန်တီး​ခဲ့​တဲ့ ဂီ​တ​က စိတ္တ​ဇ​ဆန်​သ​လောက် သူ့​ရဲ့​ဘဝ​က​လည်း ဒဏ္ဍာရီ​ဆန်⁠ဆန်​နဲ့ ဇာတ်​သိမ်း​သွား​ခဲ့​သ​လို 27 Club ရဲ့ အရေး​ပါ​ဆုံး​အဖွဲ့​ဝင် တစ်​ယောက်​လည်း ဖြစ်​ပါ​တယ်။ သူ​ကတော့ ဘယ်သန် လူ​မည်း ဂီ​တာ​သူရဲကောင်း Jimi Hendrix ပဲ​ဖြစ်​ပါ​တယ်။ အနောက်​တိုင်း ရော့ခ်​ဂီ​တသ​မိုင်း​မှာ ဘယ်သန်​ဂီ​တာ​သမား​တွေ အတော်​များ​များ ရှိ​တဲ့​အထဲ​က​မှ ဘယ်သန်​တစ်​ယောက်​ဖြစ်​တဲ့ Jimi Hendrix ကို မ​သိ​တဲ့​လူ မ​ရှိ​သ​လောက်​ကို ရှားပါး​ပါ​တယ်။ အဲ​ဒီ​လို​မျိုး ကြီးကျယ်​ခမ်းနား​တဲ့ သမိုင်း​ကို ရေး​ထိုး​ခဲ့​တဲ့ Jimi Hendrix ရဲ့​အကြောင်း​ကို သိ​သ​လောက် ပြန်လည်​မျှဝေ​ပေးလိုက်​ပါ​တယ်။

Jimi Hendrix ရဲ့ အမည်​ရင်း​ဟာ James Marshall Hendrix ဖြစ်​ပြီး၊ ငယ်​နာမည်​ကတော့ Johnny Allen Hendrix ဖြစ်​ပါ​တယ်။ Jimi Hendrix ကို ၁​၉​၄​၂ ခု​နှစ်၊ နိုဝင်ဘာ​လ ၂​၇ ရက်​နေ့​တွင် Washington ပြည်နယ်၊ Seattle မြို့​မှာ မွေး​ဖွား​ခဲ့​ပါ​တယ်။ Jimi ရဲ့ ဖ​ခင်​ဟာ စိုက်​ခင်း​ပျိုးခင်း​တွေ​ကြား​ထဲ စ​ပွန်းစ်​တူရိယာ​ကို တီးမှုတ်​ရင်း ဘဝ​ကို ပျော်မွေ့​နေ​သူ တစ်​ဦး​ဖြစ်​တဲ့​အလျောက် Jimi ကိုယ်တိုင်​လည်း ဘဝ​အမော​တွေ​ကို ပြေပျောက်​စေ​မယ့် ဂီ​တ​ကို ရွေးချယ်​ခဲ့​တာ သိပ်​တော့ မ​ဆန်း​ပါ​ဘူး။ ငယ်​စဉ်​ကလေး​ဘဝ​ကတည်းက ဖ​ခင်​ကို ကူညီ​လုပ်ကိုင်​ပေး​လို့ အားလပ်​ရင် ဒေသ​ခံ Blues နဲ့ Rock ဂီ​တ​တွေ​ကို နား​ဆင်​လေ့​ရှိ​ပါ​တယ်။ Jimi အသက် ၁​၂ နှစ်​လောက်​မှာ ကိုယ်​ပိုင်​ဂစ်​တာ​တစ်​လုံး ရ​တဲ့​အချိန်​က​စ​ပြီး ချို​တပ်​ပေးလိုက်​တဲ့ မြင်း​ရိုင်း​တစ်​ကောင်​အလား ဂီ​တ​ခရီး​ကို ဒုန်း​စိုင်းနှင်​တော့​တာ​ပါ​ပဲ။ အသက် ၁​၅ နှစ်​လောက်​မှာ Jimi ဟာ ကျောင်း​က​နေ ထွက်​လိုက်​ပြီး​တော့ အပျော်​တမ်း ဂစ်​တာ​သမား​အဖြစ်​နဲ့ အသက် ၁​၉ နှစ်​လောက်​အထိ ဖြတ်​သန်း​ခဲ့​ပါ​တယ်။ ဒါ​ပေ​မယ့် Jimi ဟာ အသက် ၂​၀ ပြည့်​သွား​တဲ့​အချိန်​မှာ​တော့ သူ့​ကိုယ်​သူ ကြေးစား​ဂစ်​တာ​သမား​တစ်​ယောက် အဖြစ် ပြောင်းလဲ​လိုက်​ပါ​တယ်။ အစ​ပိုင်း​မှာ​တော့ Jimi ဟာ Little Rechard နဲ့ B.B King (Blues ဂီ​တ​ရဲ့​တ​မန်တော်​လို့ တင်စား​ခြင်း ခံ​ရ) တို့​လို ဂီ​တသ​မား​တွေ​ရဲ့ နောက်​ခံ​ဂီ​တ​တွေ တီး​ခဲ့​ပေး​ရ​တယ်။ နည်း⁠နည်း​လေး လက်​သွေး​လို့ လက်​ရှိန်​ရ​လာ​တဲ့ ၁​၉​၆​၂ ခု​နှစ်​က စ​ပြီး ၁​၉​၆​၆ ခု​နှစ်၊ လန်ဒန်​မ​ရောက်​ခင်​ထိ Paratroopers, The Flames, Isley Bros တို့​လို ဂီ​တ​ဝိုင်း​တွေ​မှာ New York က Curtis Knight ဆိုင်​နဲ့ Green Wich ရွာ​က Cafe WHA တို့​မှာ ကြေးစား​ဂစ်​တာ​သမား​အဖြစ် လှည့်လည်​တီး​ခတ်​ရင်း အချိန်ကုန်​ခဲ့​ပြန်​ပါ​တယ်။

အဲ​ဒီ​လို ဂီ​တ​ဝိုင်း​အချို့​နဲ့ ကော်​ဖီ​ဆိုင်​တွေ​မှာ သံသရာ​လည်​နေ​တုန်း Jimi ရဲ့ ဘဝ​ကို လုံး​ဝ​ပြောင်းလဲ​သွား​စေ​မယ့် လူ​တစ်​ယောက်​နဲ့ တွေ့​ဆုံ​ခဲ့​ရ​တယ်။ အဲ​ဒီ​လူ​ကတော့ Animals အဖွဲ့​က ဘေ့စ်​ဂစ်​တာ​သမား Chas Chandler ဖြစ်​ပြီး Jimi ကို လန်ဒန်​အရောက် ခေါ်​ထုတ်​သွား​ခဲ့​တယ်။ လန်ဒန်​မြို့​ကို ရောက်​သွား​တဲ့ Jimi အတွက်​ကတော့ မြင်​တွေ့​သ​မျှ​ဟာ အထူး​အဆန်း​တွေ ဖြစ်​နေ​ခဲ့​ပါ​တယ်။ နောင်​တစ်​ချိန်​မှာ သူ့​ဘဝ​ရဲ့ ပဲ့ကိုင်​ရှင်​လို​ဖြစ်လာ​မယ့် Chas Chandler ကိုယ်တိုင် Producer လုပ်​ထား​တဲ့ Jimi ရဲ့ “Hey Joe” ဓာတ်​ပြား​ဟာ ဝုန်း​ဒိုင်း​နဲ့ ချက်ချင်း အောင်မြင်​မှု​ရ​ရှိ​သွား​တယ်။ လက်​ထဲ​ရောက်လာ​တဲ့ အခွင့်အရေး​တွေ​ကို လက်လွတ်​မ​ခံ အကျိုး​ရှိ​ရှိ အသုံး​ချ​တတ်​တဲ့ Jimi ဟာ The Experence ဆို​တဲ့ တီး​ဝိုင်း​ကို စိတ်​ကြိုက် ဖန်တီး​လိုက်​တယ်။

Jimi ရဲ့ စိတ်​ကြိုက်​ဖွဲ့​စည်း​ခဲ့​တဲ့ The Experence တီး​ဝိုင်း​မှာ Producer တ​ဖြစ်​လဲ ဘေ့စ်​ဂစ်​တာ​သမား Chas Chandler တီး​ခဲ့​ဖူး​တဲ့ Animals အဖွဲ့​မှာ Bass သွား​တီး​မယ့် Noel Redding နဲ့ The Flames အဖွဲ့​က ဒ​ရမ်​သမား Mitch Mitchell တို့​ကို ခေါ်​ယူ​အားဖြည့်​ပြီး မွေး​ရပ်​မြေ​ဖြစ်​တဲ့ Washington ပြည်နယ်၊ Seattle မြို့​မှာ ဖျော်ဖြေ​ခဲ့​တယ်။ အဲ​ဒီ​နောက်​ပိုင်း Jimi ဟာ အမေ​ရိ​ကား​နဲ့ လန်ဒန်​ကို အိမ်ဦး​နဲ့ ကြမ်းပြင်​သဖွယ် လှည့်လည် တီး​ခတ်​ကာ ဖျော်ဖြေ​ခဲ့​ပါ​တယ်။ ၁​၉​၆​၆ ခု​နှစ်၊ အောက်​တို​လ​မှာ လန်ဒန်​မြို့​က Delane Lea Studio မှာ “Are You Experence” ဆို​တဲ့ ပထမ​ဆုံး Album ကို ထုတ်​ဝေ​ခဲ့​ပြီး ၁​၉​၆​၇ ခု​နှစ်၊ ဇွန်​လ​မှာ အကောင်း​ဆုံး Album နံပါတ် ၆ ချိတ်​ခဲ့​ပါ​တယ်။ ၁​၉​၆​၇ ခု​နှစ်၊ ဇန်နဝါရီ​မှာ AXIS Bold As Love ဆို​တဲ့ ဒုတိယ Album နဲ့ တတိယ Album The Wild Cries Mary ကို သွင်း​ယူခဲ့​ပါ​တယ်။ ၁​၉​၆​၇ ခု​နှစ်၊ ဇူလိုင်​လ​မှာ ဖျော်ဖြေ​ခဲ့​တဲ့ Monterey Pop ဂီ​တ​ပွဲ​အပြီး ဂစ်​တာ​ကို ဓာတ်​ဆီ​လောင်း၊ မီးရှို့​ပြာ​စ​များ ပရိသတ်​များ​အပေါ် ကျဲ​ပြ​လိုက်​တော့ Jimi Hendrix ဆို​တဲ့​နာမည်​ဟာ အရင်​က​ထက် ပို​ပြီး​တော့ ကျော်​ဇော​လာ​ခဲ့​ပါ​တယ်။ ၁​၉​၆​၉ ခု​နှစ်၊ Woodstock ဂီ​တ​ပွဲတော်​မှာ ဘေ့စ်​ဂစ်​တာ​သမား​ဟောင်း Noel Redding နေရာ​မှာ ဘေ့စ်​ဂစ်​တာ​သမား​အသစ် Bill Cox နဲ့ အစားထိုး​ကာ ဖျော်ဖြေ​မှု ပြုလုပ်​ခဲ့​ပါ​တယ်။ ၁​၉​၇​၀ ခု​နှစ်​မှာ​တော့ Band of Gypsy မှ ဘေ့စ်​ဂစ်​တာ​သမား Bill Cox တင်​မက ဒ​ရမ်​သမား Buddy Mile တို့​ပါ အားဖြည့်​ပြီး န​ယူး​ရော့​ပီးလ်​မိုး​ရှေ့​မှာ Live Show သွင်းခဲ့​ပါ​တယ်။ Jimi Hendrix ဟာ ၁​၉​၇​၀ ခု​နှစ်၊ စက်တင်ဘာ​လ ၁​၈ ရက်​နေ့ (အသက် ၂​၇ နှစ်) မှာ လန်ဒန်​မြို့​တွင် နေထိုင်​စဉ် မူး​ယစ်​ဆေးဝါး အလွန်​အကျွံ သုံးစွဲ​တဲ့​အတွက် ဆေး​လွန်​ပြီး စိန့်​မေ​ရီ​ဆေး​ရုံ​မှာ ကွယ်​လွန်​ခဲ့​ပါ​တယ်။

အနှစ်​ချုပ်​ပြော​ရ​ရင်​တော့ Jimi ရဲ့ ဘဝ​ဖြတ်​သန်း​မှု​ဟာ အခြား ကျော်​ကြား​တဲ့ ရော့ခ်​ဂီ​တသ​မား​တွေ​နဲ့ ထူး​မ​ခြား​နား ဒဏ္ဍာရီ​ဆန်​ခဲ့​တယ်​လို့​ပဲ ပြောစမှတ်ပြု​ကြ​ရ​မှာ​ပါ။ ဒါ​ကြောင့်​လည်း Jimi ရဲ့ ဂစ်​တာ​သံတွေ​ဟာ အရောင်​အသွေး စုံလင်​လှ​ပါ​တယ်။ ဂီ​တ​သုံးသပ်​ပညာ​ရှင်​အချို့​ကတော့ Jimi ရဲ့​ဂီ​တ​ကို လူ​မည်း​တွေ​ရဲ့Blues, လူ​ဖြူ​တွေ​ရဲ့ Rock နဲ့ လူရည်လည်​တဲ့ Jazz ဂီ​တ ၃ မျိုး ပေါင်း​စပ်​ထား​တဲ့ စိတ္တ​ဇ​ဆန်​တဲ့ ဂီ​တ​တစ်​မျိုး​လို့​လည်း သတ်​မှတ်​ခဲ့​ကြ​တယ်။ အောင်​မြင်ကျော်​ကြား​မှု​တွေ​ရဲ့​နောက်​ကွယ်​က အနိဋ္ဌာ​ရုံ​တွေ​ကြား အကျဉ်း​ကျ​လို ခံစား​ခဲ့​ရ​တဲ့ Jimi ဟာ မန်​ဟက်​တန်​က Electric Lady မှာ နာရီ​ပေါင်း​များ​စွာ​ကြာ​တဲ့ ဂီ​တာ Solo အပိုင်း​အစ​တွေ​ကို သွား​ရောက်​တီး​ခတ်​ပြီး​တော့ ချန်​ထား​ရစ်​ခဲ့​ပါ​တယ်။ အဲ​ဒီ​အထဲ​က​မှ နာရီ​ပေါင်း ၂​၅​၀ (Album ငါး​ချပ်​စာ) မျှ​ကို ၁​၉​၇​၃ ခု​နှစ်​မှာ Producer Alan Douglas က တည်း​ဖြတ်​ကာ ဖြန့်ချိ​ဖို့ စီစဉ်​ခဲ့​ပါ​သေး​တယ်။ Jimi Hendrix ကွယ်​လွန်​ပြီး​တဲ့​နောက်​ပိုင်း ခု​နှစ်​အလိုက်​ထွက်​ရှိ​ခဲ့​သ​မျှ Album တွေ​ကတော့

1971 – Rainbow Bridge
– Cry of Love

1972 – Hendrix in the West (Live)

1987 – Live at Winter Land (Live)

1999 – Jimi Hendrix At Woodstock
(1969 – Aug 18, Monday မှာ တီး​ခတ်​ခဲ့)

——–The End———

Credit to Welcome to Rock n Roll(FB)