အမေ​ရိ​ကန်​အခြေ​စိုက် Yum! Brand, Inc. ၏ ကေ​အက်ဖ်​စီ(KFC) အသင့်​စား စား​သောက်​ဆိုင်​ခွဲ လုပ်​ငန်း​ကို ရိုးမ (Yoma Strategic Holdings Ltd) နှင့် ပူးပေါင်း​ပြီး မြန်မာ​နိုင်ငံ​၌ ၂​၀​၁​၅ ခု​နှစ်​တွင် စတင်​ဖွင့်​လှစ်​သွား​မည်​ဟု အောက်တိုဘာ ၁​၃ ရက်​က သ​တင်း​ထုတ်​ပြန်​ခဲ့​သည်။

နိုင်ငံ​ပေါင်း ၁⁠၁​၈​နိုင်ငံ​တွင် စား​သောက်​ဆိုင်​ခွဲ​ပေါင်း ၁​၈,၀⁠၀​၀ ဖွင့်​လှစ်​ထား​သော KFC သည် နိုင်ငံ​တကာ​အသင့်​စား စား​သောက်​ဆိုင်​ခွဲ လုပ်​ငန်း​များ​ထဲ​တွင် မြန်မာ​နိုင်ငံ​သို့ စော​လျင်​စွာ​ဝင်​ရောက်လာ​သည့် လုပ်​ငန်း​တစ်​ခု​ဖြစ် လာ​သည်။

ရိုးမ​အနေ​ဖြင့်​လည်း KFC သည် မြန်မာ​နိုင်ငံ​အတွင်း တိုး​ချဲ့​သွား​မည့် စား​သောက်​ကုန်​လုပ်​ငန်း​အစီ​အစဉ်​များ အတွက် အဓိက စီးပွား​ရေး​လုပ်​ငန်း​တစ်​ခု​ဖြစ်လာ​ခဲ့​ကြောင်း​ကို “စား​သုံး​သူ​နှင့် လက်လီ​လုပ်​ငန်း​ဟာ ရှေ့​လျှောက် Yoma Strategic အတွက် ဗျူဟာ​မြောက်​တဲ့​လုပ်​ငန်း​တွေ ဖြစ်​ပါ​တယ်။ KFC အသင့်​စား စား​သောက်​ဆိုင်​ခွဲ​လုပ်​ငန်း​ဟာ ကျွန်တော်​တို့​ရဲ့​လုပ်​ငန်း​သစ်​တွေ​ထဲ​မှ အဓိက အရေး​ပါ​တဲ့ စီးပွား​ရေး​လုပ်​ငန်း​တစ်​ခု​ဖြစ်​ပါ​တယ်”ဟု Yoma Strategic Holdings Ltd အလုပ်​အမှု ဆောင်​ဥက္ကဋ္ဌ ဦး​သိမ်း​ဝေ (Mr. Serge Pun) က ပြော​သည်။

မြန်မာ​နိုင်ငံ​သည် ဖွံ့ဖြိုး​ဆဲ​နိုင်ငံ​များ​အနက် စား​သုံး​သူ​ဈေး​ကွက်​တွင် အလားအလာ​ကောင်း​သော နိုင်ငံ​ဖြစ်​ပြီး လူ​ဦးရေ ၅​၁ သန်းကျော်​ရှိ​ရာ လက်​ဝယ်​သုံးစွဲ​ငွေ ပိုမို​များပြား​လာ​ခြင်း​ကြောင့် မြန်မာ​နိုင်ငံ​သည် KFC အသင့်​စား စား​သောက်​ဆိုင်​လုပ်​ငန်း​အတွက် ရေ​ရှည်​တွင် သင့်လျော်​သည့် နေရာ​ဖြစ်​သည်​ဟု KFC က ယူဆ​ထား​သည်။

မြန်မာ​နိုင်ငံ​တွင် တောင်​ကို​ရီး​ယား​အခြေ​စိုက် Lotteria၊ BBQ Chicken၊ စင်​ကာ​ပူ​အခြေ​စိုက် Ya kun၊ မ​လေး ရှား​အခြေ​စိုက် Marrybrown ကဲ့သို့ စား​သောက်​ဆိုင်​များ ဈေး​ကွက်​အတွင်း ဝင်​ရောက်​ပြီး​ဖြစ်​ပြီး KFC ကဲ့သို့ နာ​မည်ကျော်​စား​သောက်​ဆိုင်​များ ထပ်မံ​ဝင်​ရောက်​ရန် စီစဉ်​နေ​ခြင်း​ဖြစ်​သည်။

Credit to Mizzima