လူ​တွေ​နဲ့ တွေ့​တဲ့​အခါ​မှာ တစ်​ယောက်​ကို​တစ်​ယောက် လွှမ်းမိုး​တဲ့​သဘော​က ရှိ​နေ​တယ်။ သူ​က ကိုယ့်ကို လွှမ်းမိုး​မယ် သို့မဟုတ် ကိုယ်​က သူ့​ကို လွှမ်းမိုး​မယ်။ သတိကောင်း​နေ​ရင် ကိုယ့်​စိတ်​ကို ကိုယ် သိ​နေ​ရင် ဘယ်​သူ​မှ ကိုယ့်ကို လွှမ်းမိုး​လို့ မ​ရ​ဘူး။ ကိုယ့်​စိတ်​က တည်​ငြိမ် အေးချမ်း​ပြီး လေးနက်​ခိုင်ခန့်​နေ​တယ်​ဆို​ရင် တစ်ဖက်​လူ​ဟာ ရာထူး​အား​ဖြင့် ကြီး​ချင်​ကြီး​မယ်၊ ဓန​အား​ဖြင့် ကြီး​ချင်​ကြီး​မယ်၊ ဒါ​ပေ​မယ့်​သူ​က ကိုယ့်ကို လွှမ်းမိုး​လို့ မ​ရ​ဘူး။ ဒါ​ကြောင့် သူ​များ​လွှမ်းမိုး​တာ မ​ခံ​ရ​ချင်​ရင် တည်ကြည်​ခံ​ညား​မှု​ရှိ​အောင် သတိ​နဲ့ နေ​ရ​မယ်။

နေ့​တိုင်း အချိန်​တိုင်း စိတ်​ကို ကြည့်​ပြီး​တော့ သိ​ပြီး​တော့ မ​ကြာ​မ​ကြာ ညှိ​ပေး​နေ​ဖို့ လို​ပါ​တယ်။ အခု​ခေတ် ဥပမာ​နဲ့ ပြော​ရ​ရင် တချို့​အိမ်​တွေ​မှာ automatic voltage regulator ဆို​တာ သုံး​တယ်။ အဲ​ဒီ​စက်​က လျှပ်စစ်မီး​ဗို့​အား​ကို ညှိ​ပေး​တယ်၊ ထိန်း​ပေး​တယ်၊ များ​လာ​ရင် လျှော့ပေး​တယ်။ နဲ​သွား​ရင် တိုး​ပေး​တယ်။ အဲ​ဒီ automatic voltage regulator လို​ပဲ သတိ​ဆို​တာ​လည်း စိတ်​ကို ညှိ​ပေး​တယ်၊ ထိန်း​ပေး​တယ်၊ ခံစား​မှု​တွေ၊ စိုးရိမ်​တာ​တွေ၊ ကြောက်​တာ​တွေ၊ အားငယ်​တာ​တွေ လွန်​မ​သွား​အောင် ထိန်း​ပေး​တယ်။ ကိုယ့်ကို​ကိုယ် ယုံကြည်​မှု တိုး​လာ​အောင်၊ စိတ်​အေးချမ်း​မှု၊ တည်​ငြိမ်​မှု တိုး​လာ​အောင် ပြဿနာ​တွေ​ကို မှန်​မှန်ကန်​ကန် မြင်​နိုင်​တဲ့ ဉာဏ်​အမြင် တိုး​လာ​အောင်၊ လုပ်​နိုင်​သ​လောက်​ကို လုပ်​ပြီး​တော့ ဖြစ်လာ​တဲ့ အခြေအနေ​ကို ရင့်​ကျက်​တဲ့​စိတ်​နဲ့ လက်ခံ​နိုင်​အောင် စိတ်​အား​ကို မြှင့်​ပေး​တယ်။

စိတ်​ကို ဒီ​လို သတိ​နဲ့​ကြည့်င်္ပြီး ညှိ​ပေး​တဲ့ အလေ့​အကျင့် မ​ရှိ​ရင်၊ စိတ်​အတက်အကျ များ​နေ​ရင် ဘဝ​မှာ နေ​ရ​ထိုင်​ရ​တာ၊ လုပ်​ရကိုင်​ရ​တာ အဆင်​မ​ပြေ​ဘူး။ ဆက်ဆံ​ရေး​တွေ​လည်း က​မောက်​က​မ ဖြစ်​တတ်​တယ်။ ကျန်းမာ​ရေး၊ ပညာ​ရေး၊ လူ​မှု​ရေး၊ စီးပွား​ရေး၊ အောင်မြင်​ရေး​တွေ အားလုံး​ထိခိုက်​တယ်။ ဒါ​ကြောင့် ကိုယ့်​ဘဝ​မှာ အစစအရာရာ အဆင်​ပြေ​ချင်​ရင် ကိုယ့်​စိတ်​ကို သတိ​နဲ့​ကြည့်​ပြီး​ညှိ​ပေး​တတ်​တဲ့​ပညာ​ကို တတ်​အောင်​သင်​ဖို့​နဲ့ အမြဲ​တမ်း သတိ​နဲ့​နေ​ဖို့ လို​တယ်။ အလေ့​အကျင့် ရ​သွား​ရင် မ​ခက်​ဘူး။ ဒါ​တစ်​ခု​ကို နိုင်​နိုင်နင်း​နင်း လုပ်​နိုင်​ရင် ဘဝ​မှာ​တွေ့​ရ​တဲ့ အခက်​အခဲ​တွေ​ဟာ ဉာဏ်​ပါ⁠ပါ​ကစား​ရ​တဲ့ ကစား​နည်း​တစ်​ခု​လို ဖြစ်လာ​တယ်။ နားလည်​နိုင်​တဲ့ အရည်အချင်း၊ ကိုင်တွယ်​နိုင်​တဲ့ အရည်အချင်း၊ လက်ခံ​နိုင်​တဲ့ အရည်အချင်း​တွေ တိုး​လာ​လို့ ဘဝ​ကို အပေါ်​စီး​က ကြည့်​ပြီး ပိုင်​ပိုင်နိုင်​နိုင် နေ​သွား​နိုင်​တယ်။ expert in living “ ဘ၀​နေနည်း ကျွမ်းကျင်​သူ” ဖြစ်လာ​မယ်၊၊

ဆရာတော်​ဦး​ဇောတိ​က
( မဟာ​မြိုင်​တော​ရ ) ၊

အများ​အတွက် အကျိုး​ရှိ​စေ​မဲ့ စာပေ​တွေ​ကို Share လုပ် မျှဝေ​ပေး​ခြင်း​ဟာ မေတ္တာ​တ​မျိုး၊ ကုသိုလ်​တ​မျိုး ဖြစ်​ပါ​တယ်၊၊

Credit to FB LIFE